ကြံခင်းမြို့၌ အထ.က(၂) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ငွေရတု အထိမ်းအမှတ် (၂၅) ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပ

ကြံခင်း    ဇန်နဝါရီ  ၁၉       

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်​တောင်ရပ်ကွက်၊ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏  ငွေရတုအထိမ်းအမှတ် (၂၅)ကြိမ်မြောက် ​မြတ်ဆရာပူဇော် ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုကျောင်း၌ ကျင်းပခဲ့ရာ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ Grade-11 မှ မဝတ်ရည်ကေခိုင်က “ပန်းကလေးများ၏ဥယျာဉ်မှူး” သီချင်းအား သီဆို၍ ၁၉၈၈ ခုနှစ်၊ ကျောင်းသူဟောင်းများက ကပြဖျော်ကာ အခမ်းအနားဖွင့်လှစ်ပြီး၊ အ.ထ.က-၂ ကျောင်းသား၊ ကျောင်းသူလေးများက “တောင်ယာဝင်ချိန်” သီချင်းဖြင့်လည်းကောင်း၊ ဆရာကြီး ဦးမြင့်လွင် ရေးစပ်သော “ဆရာသဘင်” သီချင်းတို့အား ကျောင်းသူဟောင်းများက သီဆိုဖျော်ဖြေကြ သည်။ ထို့နောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ကျိုးဖြင့် ကျောင်းသားဟောင်း ဦးသိန်းထွန်းဝင်းမှ တိုင်ကြားပေး၍ ကျောင်းသား၊ ကျောင်းသူဟောင်းများက လက်အုပ်ချီကန်တော့ ကြပြီး၊ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ (ကိုယ်စား) အငြိမ်းစားဆရာကြီး ဦးမြင့်လှိုင်၊ ‌‌ဒေါ်စန်းစန်းဝင်း (ကလောင်-မေဇွဲ)တို့က ဩဝါဒစကားများ အသီးသီးပြောကြားကြသည်။ ဆက်လက်၍ မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးအောင်က မြတ်ဆရာပူဇော်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဘဏ္ဍာရေးမှူး ဦးသိန်းထွန်းဝင်းက ငွေပဒေသပင်နှင့် အလှူ ငွေရရှိမှုအခြေအနေများအားရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် အငြိမ်းစား ဆရာကြီး၊ ဆရာမ ကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများက ဂါဝရပြုငွေများ အသီးသီးပေးအပ်ပူဇော်ပြီး၊ ဆရာမ ‌ဒေါ်ယဉ်ယဉ်နုက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသူဟောင်းများက “တို့များကိုယ်စီ” သီဆို၍ အခမ်းအနားကို ရုပ်သိမ်း ပြီးနောက် ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား နေ့လည်စာ နတ်သုဒ္ဒါဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးနေစဉ် အ.ထ.က(၂) ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူ ဟောင်းများက အကပ‌ဒေသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ အဆိုပါ ကန်တော့ခံ အသက် (၈၀)နှင့် အထက်(အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ၁သိန်းခွဲ နှုန်းဖြင့်လည်းကောင်း၊ အသက် (၈၀)နှင့် အောက်အား တစ်ဦးလျှင် ၁ သိန်းနှုန်း တို့ဖြင့် ဆရာကြီး၊ ဆရာမကြီး ၄၈ ဦးအား ကန်တော့ခဲ့ကြကြောင်း မြတ်ဆရာပူဇော်ပွဲကော်မတီထံမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)