မြစ်ကြီးနား ဇန်နဝါရီ ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၁၉)ကြိမ်မြောက်အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်းအခမ်းအနားကို Polytechnic University (မြစ်ကြီးနား)၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
ရှေးဦးစွာ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်သည် ဒေသခံလူငယ်များအား အင်ဂျင်နီယာများအဖြစ် နှစ်ပေါင်း (၄၀)ကျော်အတွင်း AGTI ဒီပလိုမာ(၁၇၇၄)ဦး၊ B.Tech နည်းပညာဘွဲ့ (၁၂၉၆)ဦး၊ B.E အင်ဂျင်နီယာဘွဲ့ (၁၃၉၁)ဦး၊ M.E မာစတာဘွဲ့ (၂၆)ဦး စုစုပေါင်း (၄၄၈၇)ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည့်အပြင် ယနေ့ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင်လည်း ဘွဲ့ရမောင်မယ် (၆၅)ဦးတို့ကို သက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့များ အပ်နှင်းပေးသွားမည်ဖြစ်သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဘွဲ့ရမောင်မယ်များအနေဖြင့် တက္ကသိုလ်က လေ့ကျင့်သင်ကြားပေးလိုက်သည့် အသိပညာဗဟုသုတများကို အသုံးချပြီး မိမိတို့ပြည့်စုံအောင်မြင်အောင် ဇွဲ၊ လုံလဝီရိယနှင့် ကြိုးစားကြရန်နှင့် အနာဂတ် ကချင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးယခုလို ပညာတတ်အင်ဂျင်နီယာဘွဲ့ရမောင်မယ်များအနေဖြင့် ကျရာအခန်းကဏ္ဍကနေ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျောင်းပြီးခဲ့သည့် ကျောင်းသား/ ကျောင်းသူ (၆၅)ဦးတို့အနက် မြို့ပြအင်ဂျင်နီယာဘွဲ့အတွက် (၂၇)ဦး၊ အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့အတွက် (၁၄)ဦး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့အတွက် (၁၁)ဦးနှင့် စက်မှုအင်ဂျင်နီယာဘွဲ့အတွက် (၁၃)ဦးတို့အား ဘွဲ့လက်မှတ်များ အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ ၁၂ အတွင်းရှိ စိန််ရတုမိဘမဲ့ဂေဟာခြံဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်ဇုံနယ်လီဆူနှစ်ခြင်း ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး စခန်းတာဝန်ခံနှင့် အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ စိန်ရတုမိဘမဲ့ဂေဟာအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်မှ တိမ်းရှောင်မိသားစု (၇၀)တို့အတွက် ငွေကျပ် ၇၁၁၉၀၀၀ တန်ဖိုးရှိ ဆန် ၂၄ ပြည်ပါအိတ် (၇၀)၊ ဆီပိဿာ (၇၀)နှင့် ကြက်ဥများကို အသီး သီးထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို တင်ပြပြီး မိဘမဲ့ဂေဟာ ကလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုကို ငွေကျပ် ၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိမ်းရှောင်မိသားစုများအနေဖြင့် လိုအပ်ချက်များစွာရှိနေ မည်ဖြစ်သော်လည်း နိုင်ငံတော်အစိုးရနှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လစဉ်ထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ လာမည့်အချိန်ကာလတွင် ပါတီစုံဒီမိုကရေစီ အစိုးရသစ်တက်လာပြီး နေရပ်ပြန် နိုင်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့အားလုံးက ဝိုင်းဝန်းဆုတောင်း၍ တစ်ညီ တစ်ညွတ်တည်း ကြိုးစားကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားကာ လိုအပ်ချက်များကို ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများ၏ ကလေးငယ်များ အတွက် မုန့်များကို လိုက်လံပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘာသာရေးအဖွဲ့အစည်းအသီးသီးနှင့် ဆွေမျီုးနေအိမ်များတွင် ခိုလှုံလျက်ရှိသော ယာယီတိမ်းရှောင်မိသားစုများအတွက် အဆိုပါရပ်ကွက် အတွင်းရှိ ကွင်းအမှတ်(၄)၊ ယောရင်ကွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာ (၅၉ ဒဿမ ၅၆) ဧကအတွင်း နေရာချထားပေးလျက်ရှိရာ ထပ်မံလိုအပ်လျက်ရှိသည့် နောင်ဟီး၊ ဝါးရှောင်၊ ဆဒုံးလီဆူခရစ်ယာန်ယာယီတိမ်းရှောင်စခန်းများ၊ ရွေးနုတ်ကယ်တင်ခြင်းစခန်း၊ စိန်ရတု မိဘမဲ့ဂေဟာစခန်းတို့အပြင် ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်အိမ်ထောင်စု (၁၈၀)ကျော် တို့အတွက် ယာယီနေအိမ်တန်းလျားများ တည်ဆောက်ပေးနေမှု အခြေအနေများနှင့် မြေနေရာ ကျန်ရှိမှုအပေါ် စနစ်တကျ နေရာချထား၍ နေအိမ်များ တည်ဆောက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ထပ်မံနေရာချထားပေးမည့် ရွေးနုတ်ကယ်တင်ခြင်း၊ စိန်ရတုမိဘမဲ့ဂေဟာစခန်းနှင့် ဗန်းမော်ယာယီတိမ်းရှောင်အိမ်ထောင်စုများအတွက် ငွေကျပ် သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့အတူ ယမန်နေ့ ညပိုင်းကလည်း မိုးလုံလေလုံအားကစားခန်းမ၌ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ပါဝင်ကူညီ ပံ့ပိုးပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဘာသာရေးဆရာများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး (၇၈)နှစ်မြောက်ကချင်ပြည်နယ်နေ့အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် စုစုပေါင်း ၂၄၅ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုညစာကို အတူတကွ ရင်းနှီးပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြ ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်