ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေ စာမေးပွဲ အကြိမ်(၅၀)မြောက် ရွှေရတုပွဲတော် ဖွင့်ပွဲကျင်းပ

ဘိုကလေး ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာ အကြိမ်(၅၀)မြောက် ရွှေရတုပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေစာမေးပွဲတော်ကြီးအား ဖေဖော်ဝါရီ(၈)ရက်နေ့မှ (၁၂)ရက်နေ့ထိ ကျင်းပဆာင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် (၈)နာရီခွဲအချိန်၌ ဘိုကလေးမြို့၊ အောင်တော်မူဘုရားတန်ဆောင်းမုခ်ဦးဝတွင် ရွေရတုပွဲတော်အား ဖွင့်ပွဲကျင်းပဆောင်ရွက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ပရိယတ္တိနုဂ္ဂဟ စာမေးပွဲကျင်းပရေး၊ ဗဟိုအလုပ်အမှုဆောင် ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ ပါဝင်သည့် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နာယကအဖွဲ့၊ ကျင်းပရေးကော်မတီအဖွဲ့၊ အထောက်အကူပြုအဖွဲ့များ၊ ရွှေရတုမော်ကွန်း စာအုပ်ထုတ်ဝေရာတွင် ပါဝင်ရေးသားကြသည့် ကလောင်ရှင်များ စုံညီစွာတက်ရောက်ကြပြီး ဖွင့်ပွဲအား နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် တေးသံရှင်များ၏ ဖျော်ဖြေသီဆိုမှုများနှင့်အတူ သာသနာ့အလံနှင့် ရွှေရတုအလံအား စာမေးပွဲတော်ကျင်းပရေးကော်မတီက လွှင့်တင်ခြင်း၊ ဘိုကလေးမြို့နယ် ပရိယတ္တိနုဂ္ဂဟအဖွဲ့ ဗဟိုအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဥတ္တမစာရက အဖွင့်ဩဝါဒ မိန့်ကြားခြင်း၊ ရွှေရတုပွဲတော်မုခ်ဦးအား ဧရာဝတီတိုင်းဒေသကြီး  သံဃာ့နာယကဥက္ကဋ္ဌ ရွှေမစိုးရိမ် ဆရာတော်နှင့်အတူ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ စာမေးပွဲကျင်းပရေး နာယက ဦးမောင်မောင်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဖျာပုံခရိုင်လေးမြို့နယ်မှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများက မုခ်ဦးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများက ရွှေရတုစာမေးပွဲတော်ကြီး၏ ဂုဏ်၊ ဒြပ်များအား ဖော်ကျုးရေးသားထားသည့် ဂါထာတော်များ ဖတ်ကြားခြင်း၊ တေးသံရှင် ရွှေစင်ရုပ်လွှာ(ဒေးဒရဲ)နှင့် အဖွဲ့၊ ရွှေဖူးသွယ်(ဘိုကလေး)နှင့် အဖွဲ့တို့က စာမေးပွဲတော်ကြီးအား ဂုဏ်ပြုသီဆိုပူဇော်ခြင်းတို့ ဆောင်ရွက်ကြပြီး တေးသံရှင်များ၊ ရွှေရတုမော်ကွန်းစာအုပ်တွင် ပါဝင်ရေးသားကြသည့် ကလောင်ရှင်များအား ဆရာတော်ကြီးများနှင့် စာမေးပွဲကျင်းပရေးကော်မတီတို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ခဲ့ကြကြောင်းသိရသည်။

မိုးစက်(ဘိုကလေး)