မော်လမြိုင်ကျွန်း ဇန်နဝါရ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (ဆဌမ)အကြိမ် ကျောင်းတွင်းအာဟာရကျွေးခြင်းကို အေ(၉)လမ်း အ.မ.ကနှင့် ချမ်းမြေ့သာယာ အ.မ.က ကျောင်းတို့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းဝင်းနှင့်ဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်ဒုတိယပညာရေးမှူး ဦးညွှန်စန်းဝင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အေ(၉)လမ်း အ.မ.က နှင့် ချမ်းမြေ့သာယာ အ.မ.ကကျောင်းတို့မှ KG ကျောင်းသား/သူလေးများအား အာဟာရကျွေးမွေးခြင်းအပြင် တန်ဖိုးသင့်၍ သန့်ရှင်းပြီးအာဟာရပြည့်ဝသော အစားအစာများ စားသုံးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း (၃၀၈)ကျောင်းရှိပြီး ကျောင်းသားကျောင်းသူပေါင်း (၃၂၉၃)ဦးအား နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူအားလုံးကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်း အစီအစဉ်ကိုဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)