ဘိုကလေး ဇန်နဝါရီ ၁၉
မြန်မာလူမျိုးတို့ နှစ်သက်မြတ်နိုးကြသည့် ဟင်းလျာငါးဖြစ်သော ငါးသားလောက်အား ဆောင်းတွင်းရာသီ၌ လှိုင်လှိုင်ပေါလေ့ရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြစ်ရေပြင်တွင် ငါးသားလောက်ဖမ်းဆီးကြသည့် ရေလုပ်သားများအား ယခုအချိန်ဆောင်းရာသီ၌ အများအပြားတွေ့ရသည်။
ငါးသားလောက်များသည် ကမ်းရိုးတန်းတစ်လျောက်၌ အုပ်စုဖွဲ့ကာ နေထိုင်ကျက်စားတတ်ပြီး ရေချိုမြစ်အတွင်း ဥချသားပေါက်တတ်လေ့ရှိကြောင်း၊ သားပေါက်များသည် (၅)လသား၊ (၆)လသား အရွယ်တွင် ရေချိုရေငန်စပ်ဒေသနှင့် ပင်လယ်ပြင်တွင် ကျက်စားတတ်ကြောင်း၊ ယခုအချိန်သည် မြစ်အထက်သို့ဆန်တက်သို့ ကာလဖြစ်သည့်အတွက် ဘိုကလေးမြစ်ရေပြင်၌ ငါးဖမ်းဆီးသူများ တွေ့ရခြင်းဖြစ်ကြောင်း ငါးဖမ်းဆီးသူများထံမှ သိရသည်။
ငါးသားလောက် ဖမ်းဆီးသူ ငါးဖမ်းလှေငယ် တစ်စီးလျှင် တစ်ရက်လျင် ယခုကာလ၌ ငါးသားလောက်ကောင်ရေ (၆)ကောင် (၇)ကောင်နှင့် အထက်ရရှိပြီး ပိဿာချိန်အားဖြင့် ခန့်မှန်း (၁)ရက်လျက်(၂)ပိဿာခန့် ရရှိကြောင်း၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချပါက (၁)ပိဿာလျင်(၂၅၀၀၀)ကျပ်နှုန်းခန့် ရောင်းချရကြောင်း သိရသည်။
ငါးသားလောက် ဖမ်းဆီးသူများ စည်းကမ်းမဲ့စွာ ဖမ်းဆီးနိုင်ခြင်း မပြုနိုင်ရေးနှင့် ငါးမျိုးမသုဉ်းစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနကလည်း တည်ဆဲဥပဒေအရ သုံးထပ်ပိုက်များနှင့် ငါးဖမ်းဆီးခွင့်မပြုခြင်း၊ ပိုက်ကွက်(၄)လက်မအောက် ကျဉ်းသောပိုက်ကွက်များဖြင့် ငါးသားလောက်ပိုက်မျှောခြင်းအား ခွင့်မပြုခြင်း၊ ငါးသားလောက် သားပေါက်ရာသီဖြစ်သည့် စက်တင်ဘာလမှ အောက်တိုဘာလအထိ ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်ခြင်း၊ သင့်လျော်သည့် နေရာဒေသများကို ငါးသားလောက်ဘေးမဲ့နေရာအဖြစ် သတ်မှတ်ခြင်းတို့ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)