မကွေး ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးတက္ကသိုလ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားသောအားကစားသမား များပေါ်ထွန်းရေး တက္ကသိုလ်အားကစားလောကမြင့်မားတိုးတက်စေရန်နှင့်တက္ကသိုလ်လက်ရွေးစင်မှမြန်မာ့ လက်ရွေး စင်အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် အားကစားအမျိုးအစားအလိုက် ထူးချွန်သည့် အားကစားသမားကောင်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ မကွေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဘောလုံးကွင်း ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြပြီး၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းဘာသာရပ်အသင်းနှင့် ညွန့်ပေါင်းဘာသာရပ်အသင်းတို့ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ မကွေးတက္ကသိုလ်မှ ကျောင်းသူလေးများက အားကစားသီချင်းများဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲများတွင် နေရာအလိုက် တစ်ဦးချင်းအကောင်းဆုံးဆုရရှိသူများ၊ ပြိုင်ပွဲတွင် ပထမဆုရရှိသော သမိုင်းဘာသာရပ်အသင်း၊ ဒုတိယဆုရရှိသော ညွန့်ပေါင်းအသင်း၊ တတိယဆုရရှိသော ဓာတုဗေဒဘာသာရပ်အသင်းများအား ဆုကလပ်၊ ဆုဆွဲပြား၊ ငွေသားဆုနှင့် ပြိုင်ပွဲတွင်တံခွန်စိုက် ဆုရရှိသည့် သမိုင်းဘာသာရပ်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို (၉.၁.၂၀၂၆) ရက်နေ့မှ (၁၉.၁.၂၀၂၆) ရက်နေ့ ပြိုင်ပွဲဝင်အသင်း (၇) သင်းမှ အုပ်စုပတ်လည်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပြီး ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မောင်ခိုင်မင်း( ပြန်ဆက်)