နတ်မောက် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးဌေးမော်က ရာသီဥတုပြောင်းလဲမှုကြောင့် လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ဆောင်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနက သစ်တောများက ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ မီးခိုးမြူငွေ့များဖြစ်ပေါ်စေသည့် တောမီးလောင်ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ ရိုးပြတ်များမီးရှို့၍ဖြစ်ပေါ်လာရသည့် Fire Hotspots အကြောင်းများ၊ ရိုးပြတ်များအား ထိမ်းချုပ်စနစ်ဖြင့် မီးရှို့ခြင်းများ၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှုလျှော့ချစေနိုင်မည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အင်းကုန်းကျေးရွာရှိရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း