မင်းဘူးမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း ဖွင့်လှစ်

မင်းဘူး ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၉ နာရီခွဲအချိန်က မင်းဘူးမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈) စက်မှုလယ်ယာစခန်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်သုံး စက်ကိရိယာများကို အသုံးပြု လုပ်ကိုင်သုံးစွဲနေသော ဒေသခံတောင်သူများအနေဖြင့် စက်မှုလယ်ယာနှင့်ပတ်သက်သည့် အသိပညာ၊ အတတ်ပညာများ သိရှိတတ်မြောက်ပြီး လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ လုပ်သားရှာပါးမှု အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ခေတ်စနစ်နှင့်အညီ အသွင် ကူးပြောင်းလုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်စေရန်နှင့် လယ်ယာသုံးစက်ကိရိယာများကို အန္တရာယ်ကင်းဘေးရှင်းစွာ မောင်းနှင်ကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ပြုပြင်ထိန်းသိမ်းတတ်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးမြင့်က ရှင်းပြသည်။

စက်မှုလယ်ယာဦးစီးဌာန၊ မင်းဘူးမြို့ အမှတ် (၈) စက်မှုလယ်ယာစခန်းက ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆) တွင် မင်းဘူး (စကု) မြို့နယ်အတွင်းမှ ဒေသခံတောင်သူ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် စပါးရိတ်သိမ်း ခြွေလှေ့စက်၊ ထွန်စက်ကြီး၊ ကောက်စိုက်စက်၊ လက်တွန်းထွန်စက်၊ တစ်လုံးထိုးအင်ဂျင်နှင့် လယ်ယာသုံးစက်ကိရိယာအမျိုုးမျိုး မောင်းနှင်ထိန်းသိမ်းမှုနှင့် ပြုပြင်ဆောင်ရွက်ခြင်း စသည့် ဘာသာရပ်များကို စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများက စာတွေ့၊ လက်တွေ့ဖြင့် ဇန်နဝါရီလ ၁၉ ရက်မှ ၃၀ ရက်နေ့အထိ ရက်သတ္တ(၂)ပါတ်ကြာ စနစ်တကျ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)