တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးမှာကြား

ထားဝယ်  ဇန်နဝါရီ  ၁၉

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း (၂)ကို တိုင်းဒေသကြီးအတွင်းအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးသည့်အခါတွင် မကျန်ရှိစေရေးအလေး ထားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ရသည့်အတွက် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ရွေးကောက်ပွဲကော်မရှင်က လိုအပ်သည့်အုပ်ချုပ်မှုအပိုင်း၊ လုံခြုံရေးအပိုင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဝိုင်းဝန်းကာဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊   ရွေးကောက်ပွဲအပိုင်း(၃)တွင်ကျင်းပမည့်မြို့နယ်များအနေဖြင့် ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာပေးနိုင်ရေးအတွက် နှိုးဆော်ပေးရန်လိုအပ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများမဲရုံသို့ရောက်ရှိရေးအတွက် အုပ်ချုပ်ရေးမှူးများအနေဖြင့် ဝိုင်းဝန်းကာဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်မဲရုံများ၌ လုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးသန်းထွတ်သိန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များကို မဲရုံအလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍တက်ရောက်လာကြသူများက ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဆောင်ရွက် ထားရှိအခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးသည့်အခါမှတ်ပုံတင်များကိုပါတစ်ပါတည်းယူဆောင်နိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများမဲရုံသို့ရောက်ရှိသည့်အခါ သက်‌‌သောင့်သက်သာစွာဆန္ဒမဲပေးနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)