နတ်မောက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားပြုစုသည့် ဆယ်ကျော်သက်လူရည်ချွန်လေးများစာအုပ်ထဲမှ “မိဘမဲ့ကလေးတွေကို စာသင်ပေးရင်း သူတို့ကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးခဲ့တဲ့ မိန်းကလေး” ခေါင်းစဥ်ပါအကြောင်းအရာများကို ဖတ်ပြရှင်းလင်းရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများကလည်း မိမိတို့၏ အတွေးအမြင်အသိများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လစဥ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လှဝင်း