မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆွေးနွေးပွဲသင်တန်းပို့ချနေမှုများအား ကြည့်ရှု

အောင်မြေသာစံ ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်း‌ဒေသကြီးပညာ‌ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ပေါ်တွင် ပြုလုပ်လျက်ရှိသော ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးညှိနှိုင်းဆွေးနွေးပွဲသင်တန်းပို့ချနေမှုများကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ (၁) နာရီက လှည့်လည်ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်း‌အေးသာစံမြို့နယ်၊ အမှတ် (၁၆) အခြေခံပညာအထက်တန်း ကျောင်း၊‌ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁)၊ အမှတ် (၄) နှင့် အမှတ် (၈) တို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ညှိနှိုင်းဆွေးနွေးပွဲ သင်တန်းပို့ချနေမှုများကို ကြည့်ရှု့အားပေးပြီး အမှာစကားများပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အလေးထားကာ အားပေးဆောင်ရွက်ပေးနေပါကြောင်း၊ ဆရာ၊ ဆရာမများသည် နိုင်ငံ၏ပညာတတ်မြောက်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသူများဖြစ်ပြီး သင်ကြားသူနှင့် သင်ယူသူ ဟန်ချက်ညီနေရန် လိုအပ်ပါကြောင်း၊ တက်ရောက်ထားသော ဆရာ၊ ဆရာမများအနေဖြင့် ဆွေးနွေးပို့ချမှုများကို ဂရုတစိုက်လေ့လာမှတ်သား၍ သက်ဆိုင်ရာမြို့နယ်များအတွင်းရှိ Grade-12 ဘာသာရပ် သင်ကြားနေသော ဆရာ၊ ဆရာမများအား မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲများ ပြန်လည်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ဘာသာရပ်အလိုက် ဆွေးနွေးချက်များကို သက်ဆိုင်ရာကျောင်းအသီးသီးရှိ Grade-12 ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများထံ ထိရောက်သည့် သင်ကြားမှုဖြင့် ပြန်လည်ပို့ချပေးသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

၄င်းနောက် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းတို့က တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး မန္တလေးတက္ကသိုလ်မှ ပါမောက္ခဆရာ၊ ဆရာမများက ဘာသာရပ်အလိုက် ဆွေးနွေးပို့ချပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မန္တလေးတက္ကသိုလ်မှ ပါမောက္ခဆရာ၊ ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ အထက်တန်းပြ ဆရာ၊ ဆရာမများအား နှုတ်ဆက်အားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယခု ဆွေးနွေးပို့ချမှုကို တစ်ရက်တာပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမ စုစုပေါင်း (၅၇၅) ဦးအား သက်ဆိုင်ရာဘာသာရပ်အလိုက် ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)