မြစ်သား ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့၌ ရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ကူမဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြို့အဝင်ဆိုင်းဘုတ်အနီး ရန်ကုန်-မန္တလေးကားလမ်း၊ အမှတ် (၁) ရပ်ကွက် ကူမဲဈေးဝင်ပေါက်နှင့် တောက်ပရစ် ဘုရားလမ်းတို့တွင် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလို လားသည့်ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့် သာဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွား ပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အချက်များ ပါဝင်သော လက်ကမ်းစာစောင်များကို ကူမဲမြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော် ဦးဆောင်သော အဖွဲ့တို့က “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်စောင် ၁၀၀၀ စောင်အား ခရီးသွားပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)