သရက်ချောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၂၀

ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ တာဝန်ခံပညာရေးမှူး ဦးခင်မောင်စိုးက နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍကို တိုးတက်မြှင့်မားအောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/ ကျောင်းသူများအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်ကြရန်၊ ကျောင်းသားများအချင်းချင်း ကူညီလိုအပ်လျှင် ရိုင်းပင်းကူညီကြရန်၊ ပညာရေးကို ပြီးမြောက်အောင်သင်ကြား‌စေလိုကြောင်း၊ ဆရာ/ဆရာမများ ပြောစကားကိုနားထောင်ပြီး ကျောင်းစည်းကမ်းများကို လိုက်နာကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဟောပြောပွဲတွင် သရက်‌ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးက ကျောင်းသား/ကျောင်းသူများအား မိမိတို့မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် မီးဘေးအန္တရာယ်အကြောင်း ဟောပြောရာ မီးလောင်ကျွမ်းမှုဖြစ်စေ/ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များအ‌ကြောင်း၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုလျှော့နည်းစေရန် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများအကြောင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ၊ လျှပ်စစ်မီးအသုံးပြုလျှင် သတိပြုရမည့်နည်းလမ်းများ စသည် အ‌ကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက “နောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ စာအုပ်၊ စာပေများ ဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)