ကျိုင်းတုံ ဇန်နဝါရီ ၂၀
လားဟူတိုင်းရင်းသားလူမျိုးစုသည် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ စာပေ၊ သမိုင်းအခိုင်အမာတည်ရှိပြီး တစ်နှစ်တာရာသီကာလအတွင်း လားဟူတိုင်းရင်းသားတို့ ကျင်းပကြသည့် ပွဲတော်များထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံးပွဲတော်အဖြစ် သတ်မှတ်ထားရှိကာ ထင်းရှူးပင်များ အဖူးဖူးသည့်အချိန်၊ ချယ်ရီ၊ မက်မန်း၊ မက်မွန်ပင်များ အပွင့်ပွင့်သည့်အချိန်တွင် ကျင်းပသည်။
ရှေးအစဉ်အဆက်က လားဟူနှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာဒေသအလိုက် ပျော်ရွှင်စွာကျင်းပခဲ့ရာ တစ်နှစ်တာကာလအတွင်း ရှာဖွေစုဆောင်းရရှိလာခဲ့သည့် ဆန်၊ စပါး၊ အသီးအနှံများနှင့် ပစ္စည်းဥစ္စာများကို နှစ်သစ်ကူးပွဲတော်တွင် စုပေါင်းပါဝင်လှူဒါန်းကြကြောင်း၊ ထင်းရှူးပင်ငယ်တစ်ပင်ကို အလယ်တွင်ထားကာ ထင်းရှူးပင်ကိုဝိုင်းပတ်ပြီး ယင်းတို့၏ အထိမ်းအမှတ် ဘူးပလွေများဖြင့် တီးမှုတ်၍ ထင်ရှားသော မြေဝိုင်းအကဖြင့် ဖျော်ဖြေကပြကာ ကာယကံ၊ ဝစီကံ၊ မနောကံများဖြင့် ပြစ်မှားမိသော အပြစ်များရှိပါက ခွင့်လွှတ်ပေးကြပါရန်၊ အပြစ်များကို ဆေးကြောပေးရန်၊ သက်ကြီးဝါကြီးနှင့် အကြည်ညိုခံပုဂ္ဂိုလ်များကို လူငယ်များက ရိုးရာလက်ဆေး မင်္ဂလာပြုလုပ်ခံယူသော ပွဲတော်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသား စုပေါင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင်အားကွင်း၌ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသား စုပေါင်းရိုးရာ နှစ်သစ်ကူးပွဲတော်ဦးစီးကျင်းပရေးကော်မတီကိုယ်စား ဦးကျာလယ်စိုး (ခ)ဦးလှဝင်းက နှစ်သစ်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ လက်ဆေးမင်္ဂလာပွဲ ကျင်းပသည်။ ယင်းနောက် လားဟူတိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှုအက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ပွဲတော်လာရောက် လည်ပတ်သူများက ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြပြီး လားဟူ တိုင်းရင်းသားများနှင့်အတူ ဘူးပလွေများတီးမှုတ်၍ ထင်ရှားသောမြေဝိုင်းအကတွင် စုပေါင်းပါဝင် ဂုဏ်ပြုဆင်နွှဲကြသည်။
လားဟူတိုင်းရင်းသား လူမျိုးများသည် ယခုအချိန်တွင် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၌ ပျံ့နှံ့နေထိုင်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် (မြောက်ပိုင်း)တို့၌ အများဆုံးနေထိုင်လျက်ရှိပြီး လားဟူမျိုးနွယ် ၃၀ ခန့်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)