ဘုတ်ပြင်းမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ဘုတ်ပြင်း ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆက်လက်ထိန်းသိမ်းရမည့်နေ့ထူးနေ့မြတ်များအကြောင်း စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် နွေရာသီကျောင်းပိတ်ချိန် ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ် စာစောင်များကို အခမဲ့လာရောက် ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား အပြောစွမ်းရည်၊ နှုတ်မှုစွမ်းရည်နှင့် စာဖတ်စွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးနှင့် ဆရာ၊ဆရာမများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)