ပွင့်ဖြူ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆီစားသုံးမှုဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက ၃၃၇၃၇ ဧကထိ လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် နှစ်စဉ်အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး မြေပဲ၊ နှမ်း၊ နေကြာသီးနှံနှင့် ပန်းနှမ်းတို့ကို တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုးကြကြောင်း သိရပြီး ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက ၃၃၇၃၇ ဧကထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီစားသုံးမှု ဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက်ရည်ရွယ်ပြီး ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုးခြင်းကို မဲဇလီရေလွှဲဆည်ရေဖြင့် ၃၃၇၃၇ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ နွေနှမ်းစိုက်ပျိုးတောင်သူတွေကိုလဲ သီးနှံများ အချိန်မီစိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေ အလုံအလောက်ရရှိရေး၊ အထွက်နှုန်းကောင်းတဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ စိုက်ပင်အရေအတွက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး စတဲ့ တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ အခြားနွေသီးနှံများကို အားထားစိုက်ပျိုးကြကြောင်း၊ အဓိက စိုက်ပျိုးသည့် နှမ်းမျိုးများမှာ စမုံနက်နှမ်း ၊ သိပ္ပံနှမ်းနက် ၊ ဆင်းရတနာ - ၄ စသော မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်း ၂၇၁၉၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၅၇၆၁၆ ဧကထိ စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၉ ဒသမ ၅၂ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
တောင်သူများအနေဖြင့် နှမ်းသီးနှံကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံတွင်း စားသုံးဆီ ဖူလုံစေပြီး ထုတ်လုပ်မှုများ ကောင်းမွန်၍ ပြည်ပမှ တင်သွင်းသော စားသုံးဆီ ဝယ်မှုသုံးစွဲမှု လျှော့ချနိုင်မည့်အပြင် ဈေးကွက်လိုအပ်ချက်ဖြစ်သော ဝယ်လိုအားများလည်း မျှတလာစေကာ ကုန်ဈေးနှုန်းများတည်ငြိမ်၍ တောင်သူများအတွက် သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေမည်ဖြစ်သောကြောင့် နှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)