မြစ်ကြီးနား ဇန်နဝါရီ ၂၀
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ယာယီ ခိုလှုံရာစခန်းဖြစ်သောမိုင်းနားကျေးရွာအတွင်းရှိ KBC စခန်းနှင့် လော်ဝေါ်နှစ်ခြင်းအသင်းတော်စခန်း တို့ရှိ ယာယီတိမ်းရှောင်ပြည်သူများအား ပြောင်းရွေ့နေရာချထားပေးနိုင်ရေးအတွက် ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မိုင်းနား KBC စခန်း၌ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စခန်းတာဝန်ခံများ၊ နှစ်ခြင်းအသင်းတော်ဇုံနယ်မှ တာဝန်ရှိသူများ၊ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်နှစ်ခြင်း ခရစ်ယာန်ဇုံနယ်တာဝန်ရှိသူများအနေဖြင့် KBC ဖွံ့ဖြိုးရေးခြံဝင်းအတွင်း ယခုလို ယာယီခိုလှုံရာစခန်း အဖြစ် ဖွင့်လှစ်၍ အိမ်ထောင်စုများအား စောင့်ရှောက်ထားခဲ့သည်မှာ နှစ်ကာလအားဖြင့် ၁၅ နှစ်ခန့်ရှိ ပြီဖြစ်သည့်အတွက် အိမ်ထောင်စုများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယနေ့ ခိုလှုံနေထိုင် လျက်ရှိသည့် အိမ်ထောင်စုများအား ပြောင်းရွေ့နေရာချထားပေးနိုင်ရေး မြေနေရာငှားရမ်းပေးမည့် အလှူရှင်လည်း ရရှိပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြောင်းရွေ့နေရာချထားပေးနိုင်ရေးအတွက် လိုအပ် သည့် အသုံးစရိတ်များ၊ ပြောင်းရွေ့စရိတ်များကို ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း အားပေးပြောကြားသည်။
ထို့နောက် စခန်းတာဝန်ခံက KBC စခန်းတွင် လက်ရှိနေထိုင်လျက်ရှိသော အိမ်ထောင်စု (၁၈၀)ကျော်နှင့် လော်ဝေါ်နှစ်ခြင်းခရစ်ယာန်စခန်းရှိ အိမ်ထောင်စု (၄၀)ကျော်တို့အား ပြောင်းရွေ့ နေထိုင်ရန် စီစဉ်ဆောင်ထားရှိမှုများအပေါ် နေရပ်ကျေးရွာများ၊ နောင်ချိန်းကျေးရွာတွင် ပြောင်းရွေ့ နေထိုင်ကြမည့် အစီအစဉ်များနှင့် ကျန်အိမ်ထောင်စုများအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် စခန်းနေမိသားစုများက ပြောင်းရွေ့နေထိုင်ကြမည့် အစီအစဉ် များအပေါ် လိုအပ်ချက်များ၊ ဖြည့်ဆည်းပံ့ပိုးပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ မြေ နေရာအလှူရှင် ဦးတင်မြင့်က အိမ်ထောင်စုများအတွက် လုံလောက်စွာ နေထိုင်နိုင်သည့် မြေနေရာ တည်ရှိထားမှု အခြေအနေများ စသည်တို့ကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နေရပ်ပြန်နေထိုင်မည့် အိမ်ထောင်စု၊ နောင်ချိန်းကျေးရွာသို့ ပြောင်းရွေ့နေထိုင်မည့် အိမ်ထောင်စုများအပြင် အိမ်ထောင်စု (၁၀၀) ကျော်ခန့် အား နေရာသစ်တွင် ပြောင်းရွေ့နေရာချထားပေးနိုင်ရေး စနစ်တကျဖြင့် စာရင်းအချက်အလက်များ ကောက်ယူပြီး ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် ခရီးစရိတ်ပံ့ပိုးပေးနိုင်ရေး၊ အလှူရှင်ပိုင် မြေတွင် ပြောင်းရွေ့ပေးမည့် အိမ်ထောင်စုများအတွက် နေအိမ်များ၊ လျှပ်စစ်မီး၊ ရေတွင်း စသည်တို့ကို စနစ်တကျ တည်ဆောက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အဆောက်အဦနှင့် ခြံဝင်းခတ်ထားပေးနိုင်ရေး အတွက် ကနဦးထောက်ပံ့ငွေကျပ်သိန်း ၁၅၀ ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အိမ်ထောင်စုများနှင့်အတူ မိုင်းနား ကျေးရွာအတွင်း အိမ်ထောင်စုများအား ပြောင်းရွေ့နေရာချထားပေးနိုင်ရေးအတွက် မြေနေရာ အလှူရှင် ဦးတင်မြင့်ပိုင် မြေဧရိယာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အိမ်ထောင်စုများ အားလုံးနေထိုင်နိုင်သည့် ယာယီနေအိမ်တန်းလျားများ တည်ဆောက်ပေးနိုင်ရေး မြေပြင်အခြေအနေကို စစ်ဆေးတွက်ချက်ပြီး စနစ်တကျတည်ဆောက်ပေးရေး၊ မိုးမကျမီပြီးစီးအောင် ဆောင်ရွက်၍ ပြောင်းရွေ့နေရာချထားပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)