ဖျာပုံ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စားအုန်းဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချမှုရှိစေရေးအတွက် ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းတို့ ပူးပေါင်း၍ လက်လီလက်ကား အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့စစ်ဆေးရာတွင် ဖျာပုံမြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့မှ မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်းများတွင်
စားအုန်းဆီစျေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ စားအုန်းဆီးပြတ်လပ်မှုမရှိစေရေး၊သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိကို လိုက်လံကွင်းဆင်းစစ်ဆေးပြီး လက်လီလက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချသွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်