မောက်မယ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ်တနှင့် ဘောဂ စသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိအမြင်ရှိပြီး ပြည်သူ့စာကြည့်တိုက်ကိုအသုံးပြုတတ်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရေးကိုရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး လာရောက်ယှဉ်ပြိုင်သော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရပစ္စည်းလက်ဆောင်များပေးအပ်၍ (Community Centre)ခန်းမတွင် ပြသထားသည့် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လှည့်လည်ရှင်းလင်းပြသပြီး ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)