မြိတ်ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါဝေဒနာရှင် (၄၂၉) ဦးအား ခွဲစိပ်ကုသပေး

မြိတ် ဇန်နဝါရီ   ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါဝေဒနာရှင်များအား သဲဖြူဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ရာ မျက်စိရောဂါဝေဒနာရှင် (၂၂၂၆) ဦးအား အခမဲ့ အမြင်အာရုံစမ်းသပ်စစ်ဆေးပေးခဲ့ပြီး ဝေဒနာရှင် (၄၂၉) ဦးအား ခွဲစိပ်ကုသပေးခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

မျက်စိရောဂါ ဝေဒနာရှင်များအား ရန်ကုန်မျက်စိဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ မြိတ်ပြည်သူ့ဆေးရုံ မျက်စိအထူးကုဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ (၅/၁၀၀) တပ်မတော်‌ ဆေးရုံမှ မျက်စိ အထူးကုဆရာဝန်နှင့်အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီ (၅) ရက်နေ့ မှ (၁၉) ရက်နေ့အထိ မျက်စိရောဂါဝေဒနာရှင်များအား အမြင်အာရုံ စမ်းသပ်စစ်ဆေးပေးခြင်း၊ အတွင်းတိမ်ကုသပေးခြင်း၊ အတွင်းတိမ် ခွဲစိပ်ကုသပေး ခြင်း၊ အသေးစားခွဲစိပ်ကုသပေးခြင်း၊ မျက်မှန်များထောက်ပံ့ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

မျက်စိရောဂါဝေဒနာရှင်များ အခမဲ့စမ်းသပ်စစ်ဆေး ခွဲစိပ်ကုသပေးရာတွင် မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အမြင်အာရုံ စမ်းသပ်စစ်ဆေးပေးခဲ့သည့် ဝေဒနာရှင် (၂၂၂၆) ဦးရှိပြီး  မျက်စိအတွင်း တိမ်ကုသပေးခဲ့သည့် ဝေဒနာရှင် (၄၆၁) ဦး၊ မျက်စိအတွင်းတိမ် ခွဲစိပ်ကုသပေးခဲ့သည့် ဝေဒနာရှင် (၃၂၆) ဦး၊ မျက်စိအသေးစား ခွဲစိပ်ကုသပေးခဲ့သည့် ဝေဒနာရှင် (၁၀၃) ဦးရှိခဲ့ပြီး ဝေဒနာရှင် (၃၅၁) ဦးအား မျက်မှန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)