လားရှိုး ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ အခမ်းအနားမှူး (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားမှူးသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် လင်းလပြည့်ဝန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဗိုလ်တို့က Master of Ceremony (M.C) တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာ၊ မိုက်အသုံးပြုမှု၊ ခန်းမတွင်းနှင့် ခန်းမပြင် ဆောင်ရွက်ရသည့် အခမ်းအနားများ၊ အခမ်းအနားအစီအစဉ်များ၊ အခမ်းအနားစတင်ရာတွင် ကြိုတင်ပြင်ဆင်ထားရမည်များနှင့် သိရှိထားရမည့် အထွေထွေဗဟုသုတများ စသည့်အကြောင်းအရာများအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါ အခမ်းအနားမှူး (၁/၂၀၂၆) သင်တန်းအား ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၁ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)