ဓနုဖြူ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်း ဖြန့်ဖြူးရောင်းချမှုရှိ၊မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စားအုန်းဆီလက်ကား ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက စားအုန်းဆီများရောင်းချရာတွင် အလေးချိန်မှန်ကန်မှုရှိ၊ မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တစ်ကျရောင်းချပေးရေးနှင့် ရရှိသောဆီပိဿာချိန်များအား ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ၊ မရှိတို့အား လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ စားအုန်းဆီများဖြန့်ဖြူးရောင်းချရာ၌ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိစေရေးအတွက် မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များမှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ဓနုဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၃) အုပ်စုရှိ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် လက်ကား ကိုယ်စားလှယ်(၁)ဦး၊ လက်လီအရောင်းဆိုင် (၂၈)ဆိုင်မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း (၂)ရာခိုင်နှုန်းအထက် အမြတ်မပိုသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများအတွက် ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)