မြိတ် ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲက အ.ထ.က (၂) ပညာမွန်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြော၍ ပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များ ပြသပေးသည်။
ဟောပြောရာတွင် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းအစဥ်အလာကို မမေ့မလျော့ဘဲ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များ အစဉ်ထာဝရမွေးမြူပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်များကို တန်ဖိုးထားကြကာ တန်ဖိုးရှိသော အနာဂတ် လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစားကြရန် အသိပညာပေး ဟောပြောသည်။
ထို့နောက် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် အရည်အချင်းသာမက အရည်အသွေးပြည့်ဝပြီး အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန် စာပေဖတ်ရှုမှသာ အရည်အချင်းသာမက အရည်အသွေး ပြည့်ဝသော လူတော်လူကောင်းများ ဖြစ်လာမည်ဖြစ်ကာ အမှားအမှန်ကို ပိုင်းခြားတတ်စေမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ မြိတ်ခရိုင်မှ ဝန်ထမ်းများက ပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်များပြသပေးရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)