ပွင့်ဖြူ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် နေကြာသီးနှံ ၁၂၇၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၈ ဒသမ ၃၂ တင်းထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာ ၁၅၆၆၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ နေကြာသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ဒီဇင်ဘာလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ နေကြာ ၁၂၇၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၈ ဒသမ ၃၂ တင်း ထွက်ရှိကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ နေကြာ ၁၅၆၆၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ဆောင်းနေကြာစိုက်ခင်းတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ဒီနေ့ထိ နေကြာ ၁၂၇၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နေကြာအထွက်နှုန်းအနေနဲ့ တစ်ဧကကို ၁၈ ဒသမ ၃၂ တင်း ထွက်ရှိပါတယ်။ နေကြာသီးနှံ ရိတ်သိမ်းခြွေလှေ့တာနဲ့ပတ်သက်ပြီး သီးနှံအထွက်နှုန်းတွေ လျော့နည်းမှုမဖြစ်အောင် တောင်သူတွေကို အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာနဲ့ ရိတ်သိမ်းပြီးတဲ့ နေကြာများကို အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ထားသိုထိန်းသိမ်းနည်းပညာများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီး ဌာနက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသနဲ့ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံအထွက်နှုန်းတိုးတက်အောင် စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေကြာသီးနှံကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးဆီဖူလုံစေသည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် သီးနှံဝင်ငွေတိုးပွားကာ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာမည်ဖြစ်သောကြောင့် နေကြာသီးနှံအပါအဝင် အခြားသော ဆီထွက်သီးနှံများကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)