မူဆယ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မူဆယ် ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုနှင်းသဘင်အခမ်းအနားကို စံပယ်ခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို Grade-8 ကျောင်းသားလူငယ်ကလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ချိုမှ အမှာစကားပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအမ်အောင်ဂျာ(ခ) ဦးကျော်စွာဝင်းမှ ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်းနှင့် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာရှိန်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံးဆု ပထမဆုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကိန်မိုင်က ချီးမြှင့်ပေးအပ်ခဲ့ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးဒေါ် စန္ဒာရှိန်က လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး တက္ကသိုလ်ဝင်တန်းတွင် မြန်မာစာ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့်‌ ဘောဂဗေဒဘာသာရပ်များကို ဂုဏ်ထူးရအောင် သင်ကြားပေးပါသော ဆရာ/ဆရာမများကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွက် လှူဒါန်းပေးထားသော အလှူရှင်များကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပညာရည်ချွန်ဆုများကို ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ထက်၊ လယ်၊ မူကျောင်းအုပ်များက ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ Grade-8 ကျောင်းသားလူငယ်ကလေးများ၏ “တို့ကျောင်းတော်” သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)