တိုက်ကြီးမြို့နယ်တွင် မုန့်ဖို၌ ဖွဲမီးထိုးရာမှ မီးလောင်မှုဖြစ်ပွား

တိုက်ကြီး ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ ခန့်က မုန့်ဖို၌ ဖွဲမီးထိုးရာမှ မီးတောက်ထွက်သဖြင့် ရေခွက်ဖြင့် ရေပက်ရာမုန့်ကြော်နေသည့် ဆီဒယ်အိုးထဲသို့ ပက်မိပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ အချိန်ခန့်က တာဝန်သိပြည်သူတစ်ဦးမှ လူကိုယ်တိုင်လာရောက်၍ သတင်းပေးချက်အရ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ စံပြ (၁) လမ်းနေ ဦးဝင်းထွန်းနိုင်၏ အင်းကြင်းမုန့်ဖိုရှိ (၄၅ x ၁၀၀) ပေ သွပ်မိုး၊ သွပ်ကာအဆောက်အဦရှိ ဆီဒယ်အိုးများ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းအဖွဲ့ဝင် ၁၂ ဦးတို့သည် မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ဘူတာရပ်ကွက်၊ စံပြ (၁) လမ်းနေ ဦးဝင်းထွန်းနိုင်၏ အင်းကြင်းမုန့်ဖိုရှိ စားအုန်းဆီ ပိဿာ (၁၀၀)၊ ဆုံးရှုံးမှုတန်ဖိုးကျပ် ၆၉၀၀၀၀/- ခန့်၊ ၁၀ ပေ သွပ် ၄ ချပ် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၀၀၀၀/-ခန့်၊ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးကျပ် ၇၄၀၀၀၀/-ခန့် ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)