မကွေး ဇန်နဝါရီ ၂၀
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်ရေးရာအသိပညာပေး ဟောပြောရာတွင် “လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်” ခေါင်းစဉ်ဖြင့် လူငယ်လူရွယ်များ တိုင်းရင်းသားစည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ထွန်းကားစေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များတိုးပွားစေရန် အသိပညာပေးဟောပြော၍ မြို့နယ်အားကစားနှင့်ကာကပညာဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းအောင်က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိက အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားလက်ဆောင်ပစ္စည်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာပေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးမူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အစရှိသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရူလေ့လာခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အားကစားဆိုင်ရာကာယလေ့ကျင့်ခန်းများကို အတူတကွဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)