မိုးနဲ ဇန်နဝါရီ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် မိုးနဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကမ္ဘောဇခန်းမ၌ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ MEVM မဲပေးစက်ကြီးကြပ်ရေးနှင့် နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၂၆)စုမှ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မဲရုံပေါင်း(၃၉)ရုံမှ မဲရုံမှူးများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်သည့် မိုးနဲမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က မဲရုံအင်္ဂါရပ်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ မဲဆန္ဒရှင်များ အဆင်ပြေလွယ်ကူလျင်မြန်စွာမဲပေးနိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း၊ ဘက်ထရီများအားသွင်းခြင်း၊ မဲရုံမှူးနှင့်စက်ကိုင်များကို မွမ်းမံသင်တန်းပေးပြီး စစ်ဆေးလက်ခံစေခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများသို့ ပို့ဆောင်ခြင်းများကို စနစ်တကျဆောင်ရွက်ရေး၊ ဆက်သွယ်ရေး၊ လုံခြုံရေးနှင့် မဲပေးနှုန်းမြင့်မားရေးဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များကို ပေါင်းစပ်ညှိနှိုင်းပြန်လည်ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် လွယ်ပြေရပ်ကွက် မဲရုံ(၁)နှင့် ဥယာဉ်ရပ်ကွက်မဲရုံ(၂)တို့တွင် မဲရုံပြင်ဆင်ထားရှိမှုတို့ကိုလည်းကောင်း၊ ဥယာဉ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးနေမှုကိုလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် MEVM မဲပေးစက်များ Installation ပြုလုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)