လက်ပံတန်း ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် စားအုန်းဆီလက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရိုင်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များကို စနစ်တကျထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။
လက်ပံတန်းမြို့နယ် မြို့ပေါ် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၆ အုပ်စုရှိ အိမ်ထောင်စုတစ်စုကို ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် ၃ ဦး၊ လက်လီအရောင်း ၅၂ ဆိုင်မှ တစ်လလျှင် ဆီပိဿာပေါင်း ၆၇၃၂၀ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများနှင့် သာရေးနာရေးဆိုင်ရာကိစ္စရပ်များ အတွက်ကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)