မင်းဘူး ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (GRF) Quick Win အစီအစဉ်ဖြင့် ဆောက်လုပ်သည့် မောင်းမကန်ကျေးရွာ အ.ထ.က(ခွဲ) RC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် မောင်းမကန်ကျေးရွာ အ.ထ.က(ခွဲ) RC တစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲမုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့က ဖဲကြိုးဖြတ်ဖွင့်ပေးလှစ်ပြီး ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဆောင်သစ် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း၍ အဆိုပါကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရနေဖြင့် “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကိုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ခေတ်မီပညာရေးစနစ် သင်ကြားနိုင်ရေး၊ ပညာသင်နှစ်အလိုက် ကျောင်းသားဦးရေ နှစ်စဉ် တိုးတက်များပြားလာမှုနှင့်အတူ စာသင်ကျောင်း လိုအပ်ချက် ပြည့်စုံစေရေးအတွက် မောင်းမကန်ကျေးရွာ အ.ထ.က(ခွဲ) ပေ ၁၂၀ ၊ ပေ ၃၀ ရှိ RC တစ်ထပ် ကျောင်းဆောင်သစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေ(GRF) Quick Win အစီအစဉ်မှ ခွင့်ပြုငွေ ၃၀၅ ကျပ်သန်းဖြင့် ယခုလို ဆောက်လုပ်ပေးရခြင်း ဖြစ်ကြောင်း၊ အဆိုပါကျောင်းတွင် တန်းစဉ်ကူးပြောင်းမှုနှုန်း တိုးတက်မြင့်မားရေးနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရန်ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံများအားလုံးက ပူးပေါင်းပါဝင်ပြီး ဝိုင်းဝန်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မောင်မကန်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်သည့် ဆိုလာစိုက်ပျိုးရေရရှိရေးလုပ်ငန်းခွင်သို့ သွားရောက်၍ မြေအောက်ရေရရှိရေး စက်ရေတွင်းတူးဖော်နေမှုနှင့် ဆိုလာများတပ်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)