ဆီဆိုင် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားလာစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်နှင့် ပြည်ထောင်စုနေ့ကိုမမေ့ဘဲ အမြဲသတိရအောက်မေ့နေစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြီးဒဲရယ်က ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်စုမြတ်လင်းက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့အကြောင်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် သုတရတစာအုပ်စာစောင်များကို ပြသပေးပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)