ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆောင်ရွက်

ညောင်ရွှေ ဇန်နဝါရီ ၂၀

အခြေခံပညာကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိသတ်ရှေ့တွင် ပြောဆိုဆွေးနွေးတက်စေရန်၊ တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကိုပြုလုပ်ရာ Grade-10 ကျောင်းသား မောင်ရဲထက်ကိုက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်စိုင်းနော်ထူးက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မအိသာထွေးက “လူငယ်နှင့်ရွေးချယ်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မချယ်ရီဝင်းက “လူငယ်နှင့်အရည်အချင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးစကားဝိုင်းဖွဲ့ ဆွေးနွေးပြောကြားခြင်း၊ မေးမြန်းဖြေကြားခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမောင်မောင်က ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ