ခရမ်းမြို့နယ်၌ " ဒို့အတူ မဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ခရမ်း ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် "ဒို့အတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်ရဲနှင့် အဖွဲ့၀င်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လဝက၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မြို့နယ်အတွင်းရှိ ပြည်သူအားလုံးပါဝင်မဲပေးနိုင်ရေးအတွက် အသိပေးလှုံ့ဆော်မှုများကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)