မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အတွင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် အပိုင်း (၃) တွင် ပါ၀င်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များက မြောက်ဥက္ကလာပမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် အပိုင်း (၃) တွင် ပါ၀င်သည့်အတွက် မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးရာတွင် ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်စွာဖြင့်ကျင်းပနိုင်ရေး ရပ်ကွက်များရှိ မဲရုံများကို ကြိုတင်ပြင်ဆင်ထားရှိမှုများ အသင့်အနေအထားအထိ ပြင်ဆင်ထားရန်လိုကြောင်း၊ ရပ်ကွက်များရှိ သက်ကြီးရွယ်အိုများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စနစ်တကျဆောင်ရွက်စေရေး၊ မဲဆန္ဒရှင်ပြည်သူများမဲရုံများသို့ လာရောက်မဲပေးနိုင်ရေးအတွက် အသိပညာပေးနိုးဆော်မှုများ၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး Voter Slip များ တစ်အိမ်တက်ဆင်းစနစ်တကျဖြန့်ဝေပေးစေလိုကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား အရန်ထားရှိမှု၊ မဲပေးမည့် ကာလမတိုင်မှီသက်ဆိုင်ရာ မဲရုံများသို့ မဲစက်များ ဖြန့်‌ဝေပေးနိုင်ရေးဆောင်ရွက်ရမည့် အခြေအနေများ၊ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို စနစ်တကျပေါင်းစပ်ညှိနှိုင်း၍ အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကို တာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)