တောင်ဥက္ကလာ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ် (၈) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ် (၈) အခြေခံပညာအလယ်တန်းကျောင်းသား၊ ကျောင်းသူများက ထိန်းသိမ်းစို့လေစာပေအမွေသီချင်းဖြင့် ဖျော်ဖြေသီဆိုပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ Book Club အဖွဲ့ဝင် စာရေးဆရာမ မြမဥ္ဇူဝေ (ကျုံမငေး) က စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်းရှားမှုပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များမှ စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)