ဒဂုံအရှေ့ ဇန်နဝါရီ ၂၀
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ် (၂) ဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများက ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းဖြစ်ပြီး "နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက်" ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် "ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့" စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
အေးမဉ္ဇူ