ဒေါပုံ ဇန်နဝါရီ ၂၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ဉာဏ်စမ်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ဒေါပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတစာပေနှင့် ရသစာပေများ ခွဲခြားပုံ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဟောပြောခဲ့ပါသည်။ ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးခြင်း၊ ကိုယ်ကာယဂိမ်းကစားနည်းများ ယှဉ်ပြိုင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အဖြေမှန်သူ၊ ဆုရရှိသူများအား ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်ပရိသတ်များက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)