လားရှိုးမြို့တွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပ

လားရှိုး ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် (၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးသည့် ရည်ရွယ်ချက်နှင့် ဗလငါးတန်၏ အဓိပ္ပာယ်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ အမှတ် (၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ Grade-7 ကျောင်းသူ မသီရိ‌ဇော်က "လူငယ်နှင့် ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မမိုးပြည့်ပြည့်သူက "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 ကျောင်းသူ မယွန်းနဒီက "လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသား မောင်ထက်‌ဝေလင်းက "လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသား မောင်နေလင်းအောင်က "လူငယ်နှင့် AI နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-9 ကျောင်းသူ မဇင်ဇင်‌ဇော်ထွန်းက "လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မယွန်းရတနာလှိုင်က "လူငယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ဆွေးနွေးပေးခဲ့သည့် ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကာ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌ရေးဖောင်ဒေးရှင်း(ရှမ်းမြောက်)ဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့(မမလားရှိုး)က  လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌ရေးဖောင်ဒေးရှင်း(ရှမ်းမြောက်)ဥက္ကဋ္ဌတို့က ကျောင်းစာကြည့်တိုက်တွင် ထားရှိအသုံးပြုနိုင်ရေး သုတရသစာအုပ်များအား ပေးအပ်လှူဒါန်းခဲ့ရာ အမှတ်(၂၄)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီခိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)