ခိုလမ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ခိုလမ်မြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ခိုလမ်မြို့၊ သီရိမင်္ဂလာပန်းခြံတွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် Clean and Green City ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ် (၂) ရပ်ကွက်ရှိ နောင်ဟေးငင်းကန်သို့ ရောက်ရှိပြီး နောင်ဟေးငင်းကန်တွင် အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန်နှင့် လေကောင်းလေသန့်များရှူရှိုက်၍ ကျန်းမာရေးလေ့ကျင့်ခန်းများကို စိတ်ကြည်လင်လန်းဆန်းစွာ ဆောင်ရွက်နိုင်ရန်နှင့် ကန်အတွင်း သာယာလှပမှုများရှိရန်အတွက် ကန်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ ကန်ဘောင်ပတ်လည်တွင် ပန်းအလှပင်များ စိုက်ပျိုးရန် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိသည်။
ကျော်ဇင်