ချောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်သူများအချင်းချင်း ရင်းနှီးမှုရှိပြီး စာဖတ်သည့်အလေ့အထအကျင့်ကောင်းများကို လက်ဆင့်ကမ်းနိုင်ရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိရန် ရည်ရွယ်၍ စာရေးဆရာကျော်ကျော်လှိုင်ရေးသားသည့် “စဉ်းစားမိသောအတွေးများ” စာအုပ်ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “စဉ်းစားမိသောအတွေးများ” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများမှ "အရပ် ၁၀ မျက်နှာခေါင်းဆောင်"၊ "လူငယ်တွေအောင်မြင်ဖို့အတွက် လိုအပ်သော အချက်များ"၊ "မျိုးဆက်"၊ "အသက်ရှင်ရတဲ့တန်ဖိုး" ခေါင်းစဉ်များကို စာပေချစ်မြတ်နိုးသူများက တစ်ဦးချင်းစီ ဖတ်ကြားဆွေးနွေးပေးခဲ့ပြီးနောက် အဆိုပါစာအုပ်ဖတ်ကြားဆွေးနွေးမှုအပေါ် တက်ရောက်ကြသည့် စာပေချစ်မြတ်နိုးသူများက မိမိတို့၏အမြင်နှင့် ခံစားချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အနာဂတ်တွင် ကောင်းမွန်သော လူမှုပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်စေရန်၊ စာဖတ်ဝါသနာပါသူများ၊ စာအုပ်စာပေဝါသနာရှင်များစုစည်း၍ စာပေချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများ စသည့် စာအုပ်ပြပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)