ခရီးသွားဧည့်သည်များအတွက် သာယာလှပသော အပန်းဖြေနေရာများစွာရှိသည့် ဂေါ်ရန်ဂျီကျွန်း

ငရုတ်ကောင်း(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့အနီးရှိ ဂေါ်ရန်ဂျီကမ်းခြေသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်ပြီး သာယာလှပသောနေရာများစွာ ရှိသည့်ကမ်းခြေတစ်ခုဖြစ်သည်။

ခရီးသွားများဝင်ရောက်မှု

ထို့ပြင် ဂေါ်ရန်ဂျီကျွန်းတွင် ရှည်လျားသွယ်တန်းသော ကျောက်ဆောင်၊ ကျောက်တန်းများ၊ ကျောက်လှိုင်ဂူများကို ပေါများစွာတွေ့ရပြီး အစိုးရရုံးပိတ်ရက်နှင့် နှစ်ကူးကာလများတွင် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလျက်ရှိသည်။ သို့သော်ဂေါ်ရန် ဂျီကျွန်းသည် ကြီးမားကျယ်ပြန့်ပြီး လာရောက်လည်ပတ်ကြသောခရီးသွားများအနေနဲ့ တစ်နေရာတည်းတွင် စုစုစည်းစည်းမတွေ့ရဘဲ နေရာစုံတွင် အပန်းဖြေလည်ပတ်လျက်ရှိတတ်ကြသည်။ ထိုကဲ့သို့ ခရီးသွားဧည့်သည်များရောထွေးမနေဘဲ ကိုယ်ပိုင်သီးခြားအပန်းဖြေလည်ပတ်နိုင်သည့်အတွက် ပိုမိုလွတ်လပ်စွာအပန်းဖြေလည်ပတ်နိုင်ကြသည့် ကျွန်းတစ်ခုလည်းဖြစ်သည်။

အဆင်ပြေစွာလာရောက်လည်ပတ်နိုင်

အဆိုပါဂေါ်ရန်ဂျီကျွန်းသို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ယခင်ကငရုတ်ကောင်းမြို့မှတစ်ဆင့် စက်လှေငယ်များဖြင့် သွားရောက်ခဲ့ကြရသော်လည်း ယခုအချိန်တွင် ငရုတ်ကောင်းချောင်းဝနှင့် ဂေါ်ရန်ဂျီကျွန်းသို့ အချိန်မရွေးသွားလာဆက်သွယ်နိုင်သောတံတားကြီး တည်ဆောက်ပြီးစီးပြီဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေလာရောက်လည်ပတ်သူများနှင့် ဈေးရောင်းဈေးဝယ်ပြုလုပ်ကြသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်ကြသည်ကိုတွေ့ရသည်။

အပန်းဖြေလည်ပတ်စရာများ

ဂေါ်ရန်ဂျီကျွန်းသို့ခြေလျှင်တောင်တက်ပြီး မြဝတီစေတီတော်မြတ်အားဖူးမြော်ခြင်း၊ ဘုရားရင်ပြင်တော်မှ အလွန်သာယာလှပသော ဂေါ်ရန်ဂျီကျွန်းပတ်ဝန်းကျင် ကမ်းခြေများအား ကြည့်ရှုအပန်းဖြေအနားယူခြင်းများအပြင် သဲသောင်ပြင်သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့် အနားယူအပန်းဖြေရန်ကောင်းမွန်သည့်ကမ်းခြေတစ်ခုဖြစ်သည်။

အဆိုပါ ဂေါ်ရန်ဂျီကျွန်းကမ်းခြေမှတစ်ဆင့် ဆက်လက်လည်ပတ်မည်ဆိုပါက ကမ်းခြေအနီး ပုဂံကျွန်း၊ အပြင်မိုးချိုင်၊ စပါးထားကျွန်း၊ ကျောက်ခြေထောက်ချိုင်၊ ကုလားမချိုင်၊ လိပ်ချိုင်၊ သစ်ရောင်းကျွန်း၊ မြင်းစီးကျွန်း၊ ကျွေချိုင်ကမ်းခြေတို့သို့ စက်လှေ၊ မော်တော်ဘုတ်များ ဖြင့်သွားရောက်လည်ပတ်နိုင်သည်။ ထို့အပြင် ဂေါ်ရန်ဂျီကျွန်းကမ်းခြေတွင် ပင်လယ်စာများ ဖြစ်သော ငါး၊ ပုဇွန်၊ ကျောက်ပုဇွန်၊ ငပိ၊ ငါးခြောက်အစုံ မှာယူစားသောက်နိုင်ပြီး သဘာဝအုန်းသီးရေသောက်ကာ အနားယူရန်ကောင်းသောကမ်း ခြေတစ်ခုပင်ဖြစ်သည်။

ဒါကြောင့် သဘာဝအတိုင်းလှပနေဆဲဖြစ်သော ကျောက်ဆောင်ကျောက်တန်းများ၊ ကြည်လင်သည့် ပင်လယ်ရေပြာနှင့် အေးချမ်းလှသည့် ကမ်းခြေအလှအပများကို တစ်ဝကြီးခံစားလိုသူများအတွက် ဂေါ်ရန်ဂျီကျွန်းသည် မဖြစ်မနေသွား ရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်သည်။ ယခုအခါ လမ်းပန်းဆက်သွယ်ရေး တံတားများလည်း ကောင်းမွန်နေပြီဖြစ်ရာ အပန်းဖြေခရီးသွားရင်း ဒေသထွက်လတ်ဆတ်သော ပင်လယ်စာများကို သုံးဆောင်ကာ စိတ်လက်ပေါ့ပါးစွာ အနားယူနိုင်ရန်ဖိတ်ခေါ်တိုက် တွန်းလိုက်ရပါသည်။