ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ရှေးဟောင်းသမိုင်းဝင်နေရာများနှင့် အထင်ကရနေရာများအား ကြည့်ရှုစစ်‌ဆေး

ကျိုင်းတုံ ဇန်နဝါရီ ၂၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဇန်နဝါရီ ၁၉ ရက်က ကျိုင်းတုံမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ရောက်ရှိ၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ သာသနာရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်နယ်သာသနာရေးမှူးရုံးခွဲ(ရှမ်းအရှေ့)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ကျိုင်းတုံစော်ဘွားကြီး တည်ဆောက်ခဲ့သည့် မြို့ရိုးမြို့တံခါး (၁၂)ရပ်အနက်မှ တစ်ခုတည်းသာကျန်ရှိသည့် ရှေးဟောင်းသမိုင်းဝင် ပါလျန်တံခါးသို့ရောက်ရှိပြီး ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ငမ်ဖတံခါးအနီးတွင် မြေသားမြို့ရိုးစမ်းသပ်တူးဖော်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြုလုပ်ထိန်းသိမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံဟော်နန်းသို့ရောက်ရှိကာ ဟော်နန်းအတွင်း ခင်းကျင်းပြသထားသည့် စော်ဘွားကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ စော်ဘွားကြီးများ အသုံးပြုခဲ့သည့် စည်တော်၊ ပလ္လင်နှင့် သလွန်တို့ကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်တောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ ကျက်သရေဆောင် ခေမရဋ္ဌ ဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးသို့ ရောက်ရှိ၍ (၄)ကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအခြေအနေအား ဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ်ပြီး ဘုရားကြီးပရဝုဏ် အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)