ပလောက် ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပလောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ မဲရုံးမှူး၊ ဒုမဲရုံမှူး ၊ (MEVM) မဲပေးစက်ကိုင် မွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီက ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ မွမ်းမံသင်တန်းတွင် ပုလောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဦးစိုးပိုင်ဒွေးက (MEVM)မဲပေးစက်အသုံးပြုခြင်းဆိုင်ရာလုပ်ငန်း လက်စွဲပါဘာသာရပ်များဖြစ်သည့် ပါဝင်ပစ္စည်းများ၊ မဲပေးစက်အားစစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မဲရုံတွင် အီလက်ထရောနစ်မဲပေး စက်များအသုံးရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ စက်အားကိုင်တွယ်ခြင်း၊ သတ်မှတ်နေရာတွင်နေရာချခြင်း၊ မဲပေးရန်စက်များဖွင့်လှစ်ခြင်း၊ မဲရလဒ်များထုတ်ယူခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မွမ်းမံသင်တန်းကို ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံးမှူးများ၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူ၊ မဲရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်ကြမည့် သူများ၊ မဲရုံကြီးကြပ် တာဝန်ယူဆောင်ရွက်ကြမည့်သူများဖြင့် (၁) ရက်တာ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)