သရက်ချောင်း ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ကဏ္ဍ တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ တာဝန်ခံပညာရေးမှူး ဦးခင်မောင်စိုးက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ တိုင်းရင်းသားလူမျိုးများအချင်းချင်း စည်းလုံးညီညွတ်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြပုံ၊ ပြည်ထောင်စုနေ့သည် ပြည်သူတစ်ရပ်လုံးအတွက် ပျော်ရွှင်ရဆုံးသော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း အထင်ကရ နေ့ထူးနေ့မြတ်များကို ချစ်မြတ်နိုးတတ်ရန် အသိပညာပေးဟောပြောပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များ အကြောင်းနှင့် ပြည်ထောင်စုဖြစ်ပေါ်လာပုံသိကောင်းစရာ မေးခွန်းများဖြင့် မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)