ပင်းတယမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်

ပင်းတယ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က တမဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံများနှင့် မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ “ကျား/အခြေပြုအကြမ်းဖက်မှု”၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ”နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ရေချိုသံယံဇာတများကို ထိန်းသိမ်းကြပါစို့” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားကာ ဟောပြောပွဲနှင့် သက်ဆိုင်သည့်   အသိပညာပေး   ဗီဒီယိုကလစ်တို့ကိုပြသပေးသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်ပြသပေးခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာစေခြင်းနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက်မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ တာဝန်ရှိသူများနှင့်အတူ  ပူးပေါင်း၍လိုက်ပါလာကြသည့် ဌာနဆိုင်ရာများက ရေချမ်းစင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ကာ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)