မိုင်းယောင်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး တက်ရောက်လာသူများက ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကင်းစင်ရေး၊ အထွက်နှုန်းပန်းတိုင်ပြည့်မီရေးနှင့် လူငယ်ရေးရာနှင့်ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကြောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း