မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ ရေစတင်ပေးဝေလျက်ရှိ

ငဖဲ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံဆည်မှ ၂၀၂၅ ခုနှစ် မိုးစပါးများရိတ်သိမ်းချိန် နိုဝင်ဘာလ ၃၀ ရက်နေ့မှစ၍ ရေပေးဝေမှုရပ်ဆိုင်းထားရာမှ ၂၀၂၆ ခုနှစ် နွေစပါးများစိုက်ပျိုးရန်နှင့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်မည့် မန်းရွှေစက်တော်ဗုဒ္ဓပါဒပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲအမီ ယမန်နေ့ နံနက် ၆ နာရီမှစ၍ ဆည်ရေ (၂၅၀-ကုဗပေ/စက္ကန့်) စတင်ရေလွှတ် ပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်မန်းရွှေစက်တော်ဘုရားပွဲမဖွင့်မီ တည်းခိုဆောင်များဆောက်လုပ်ရန်နှင့် ရေအသုံးပြုနိုင်ရန်အတွက် ပန်းထိန်းမန်းချောင်းရေကိုပေးလွှတ်ထားပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ဘုရားပွဲတော်အတွက် မန်းချောင်းတမံဆည်ရေမှ (၂၅၀-ကုဗပေ/စက္ကန့်) လွှတ်ပေးနေပြီဖြစ်ရာ မန်းရွှေစက်တော် မန်းချောင်းတစ်လျှောက် ရေအနည်းငယ်တိုးလာမည်ဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေးနှင့် တည်းခိုဆောင်များ၊ အပန်းဖြေဆင်စခန်းများ အဆင်ပြေစေရေးအတွက် ဘုရားပွဲတော် ကာလတစ်လျှောက် ဆည်ရေကို (၁၅၀ မှ ၂၅၀ ကုဗပေ/ စက္ကန့်)ကြား ပုံမှန်ရေပေးဝေ သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဆည်အတွင်း ရေဝင်ရောက်မှုများပြားပြီး ဆည်ရေအပြည့်အဝရရှိခဲ့သည့်အတွက် ရေလုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ မြို့နယ်အတွင်းနွေစပါး (၁၂၇၁) ဧက၊ နွေနှမ်း ၄၃၂ ဧက စိုက်ပျိုးရန်နှင့်နွေစပါးများ ပျိုးထောင်ရန်အတွက် ဆည်ရေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပေးဝေသွားမည်ဖြစ်ပြီး မင်းဘူးမြို့နယ် အိုင်းမဆည်ရေသောက်မှ နွေနှမ်း  ၁၇၁၃၅ ဧကနှင့် အခြားနွေသီးနှံများ စိုက်ပျိုးရန်ရေကို မတ်လ ၁ ရက်နေ့တွင် ဆည်ရေတိုး၍ ထုတ်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)