မူဆယ်မြို့ Foundation ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မူဆယ် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ Foundation ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် Foundation ကိုယ်ပိုင်အလယ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေ (ထက်ဦးလူ-မူဆယ်)က အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက လူငယ်နှင့်မူးယစ်ဆေးနှင့် အွန်လိုင်းလိမ်လည်မှု အကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ကြပါခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က ကလေးအလုပ်သမားပပျောက်ရေး အကြောင်းကို ဟောပြောခဲ့ပါသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်/စာစောင်များနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ကလေးသူငယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)