မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ (Youth Peace Forum 2026)သို့ တက်ရောက်ခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များ၏ ဖိုရမ်အတွေ့အကြုံ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဇန်နဝါရီ ၂၁

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026)သို့ တက်ရောက်ခဲ့ကြသည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ၏ ဖိုရမ်အတွေ့အကြုံ ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဆေးတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တက္ကသိုလ်ဒီဂရီအသီးသီးမှ ပါမောက္ခချုပ်များ၊ မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ကြသည့် လူငယ်ကိုယ်စားလှယ်များနှင့် ဆေးတက္ကသိုလ်(မကွေး)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ (၁၃. ၁. ၂၀၂၆) ရက်နေ့မှ (၁၅. ၁. ၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို မကွေးတိုင်းဒေသကြီး ကိုယ်စားပြုပြီး သွားရောက်ဆွေးနွေးနှီးနှောဖလှယ်ကြခဲ့ကြသည့် လူငယ်များ၏အတွေ့အကြုံများကို ပြန်လည်မျှဝေတဲ့ အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်(၁၀)ဦးအနေဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ မှာရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများကို ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မျှဝေပေးခြင်းဖြင့် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့  လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓါတ်များမြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာတွေးခေါ်မြော်မြင်တတ်လာစေရန်နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍအလွန်အရေးပါပြီး မတူကွဲပြားခြားနားသည့်အရာများကို အကြမ်းဖက်မှုဖြင့်မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းမှု၊ သည်းခံနားလည်မှုများဖြင့် ဖြေရှင်းတတ်မှသာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခုကို ပုံဖော်နိုင်မှာဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအရင်းအမြစ်များဖြစ်ပြီး လူသားအရင်းအမြစ်များပေါများဖို့ကလည်း အတတ်ပညာတွေ တတ်မြောက်ထားဖိုလည်း လိုအပ်ကြောင်း၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ကြသည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားခဲ့ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ Theme Song Vedio Clip အား ပြသခဲ့သည်။ ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ ဖိုရမ်သို့ တက်ရောက်ခဲ့ကြသော မကွေးတိုင်းဒေသကြီး ကိုယ်စားလှယ်များမှ ဖိုရမ်ခေါင်းစဉ် (၁၀)ခုအပေါ် တစ်ဦးချင်းအလိုက် ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ဖိုရမ်အတွေ့အကြုံ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဆေးတက္ကသိုလ်(မကွေး)မှ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ကာ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆၏ အနှစ်ချုပ်သဘောတရားများအား တိုင်းဒေသကြီး ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)