ကြံခင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မျောက်ချောကုန်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြံတောအုပ်စု၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း(မျောက်ချောကုန်း)တို့ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ကာ ဗလငါးတန်ပြည့်စုံလာစေရန် ရည်ရွယ်ကာ ယမန်နေ့ နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်သည်။

ဦးစွာ ကြံတောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် “စာကြည့်တိုက်နှင့်လူငယ်” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သိမ့်သိမ့်နွေးက အားကစားအမျိုးအစား၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို ဖွင့်လှစ်သင်ကြားပေးထားသည့်အတွက် စိတ်ပါဝင်စားသူတိုင်းတက်ရောက် သင်ယူနိုင်ပါကြောင်း ဟောပြောဆွေးနွေးပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများအား အကျယ်တစ်ဝံ့ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့်သိမ့်သူက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဟောပြောပွဲသို့တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ဖြန့်ဝေပေးကြသည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသပေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများကစိတ် ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)